သွေးအားနည်းရောဂါ ကာကွယ်ပေးနိုင်တဲ့ ဟင်းနုနွယ်
သုပ်စားစား၊ ကြော်ချက်ချက်ချက် စားလို့ ကောင်းတဲ့ ဟင်းနုနွယ်ကို လူတိုင်း စားဖူးကြမှာပါ။ ဟင်းနုနွယ်က စားရတာ အရသာရှိသလို ကျန်းမာရေးအာနိသင်ကလည်း မနည်းပါဘူး။ ဟင်းနုနွယ်ကို စားရင်း ဘယ်လို ကောင်းကျိုးတွေများ ရနိုင်မလဲဆိုတာကို အတူတူ ဖတ်ကြည့်လိုက်ရအောင်လား။
ဟင်းနုနွယ် ဆိုရာဝယ်
ဟင်းနုနွယ် ဆိုတာက အစိမ်းရောင် ဟင်းရွက် တစ်မျိုးပါ။ အရွက်က အစိမ်းရောင်ရင့်ရင့်နဲ့ ခပ်ဖားဖားပါ။ အရိုးကတော့ ကျစ်ကျစ်လေးနဲ့ ကြွပ်ဆတ်ပါတယ်။ အရသာကတော့ ခါးသက်သက်ပါ။
ဟင်းနုနွယ်မှာ ဘာတွေပါ
ကြော်စားလို့ ရသလို သုပ်စားလို့လည်း ရတဲ့ ဟင်းနုနွယ်ရွက်မှာ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဗီတာမင် အေ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဖောလိတ်၊ အမျှင်ဓာတ်တို့ ပါဝင်နေပါတယ်။
သွေးအားနည်းရောဂါ ကာကွယ်ဖို့ ဟင်းနုနွယ်ရွက် စားကြစို့
ဟင်းနုနွယ်ရွက်ကို သွေးအားနည်းရောဂါ ကာကွယ်ဖို့ အမျိုးသမီးတိုင်း စားပေးဖို့ လိုပါတယ်။ ဟင်းနုနွယ်မှာ သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေနိုင်တဲ့ သံဓာတ်ပါဝင်နေတာက သွေးအားမနည်းစေဖို့ ကာကွယ်ပေးနိုင်တဲ့ အဓိက အကြောင်းအရင်းပါ။
အမျိုးသမီးတွေမှာ ရာသီသွေးဆင်းတာကြောင့် ဖြစ်ဖြစ်၊ အစာရွေးတာကြောင့် ဖြစ်ဖြစ် သွေးအားနည်းတာကို ခံစားရမယ်ဆိုရင် ဟင်းနုနွယ်ရွက်ကို စားပေးလို့ ရပါတယ်။ ဟင်းနုနွယ်ရွက် သွေးအားနည်းရောဂါကို ကာကွယ်ဖို့ရော ကုသဖို့ပါ အသုံးပြုလို့ ရပါတယ်။ ဟင်းနုနွယ်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေက ဒီနေရာမှာတင် ပြီးသွားတာ မဟုတ်ပါဘူး။ အခုလို အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ပါသေးတယ်။
ဆီးချို သက်သာစေတယ်
ဟင်းနုနွယ်မှာ အင်ဒီအောက်ဆီးဒင့် တစ်မျိုးဖြစ်တဲ့ alpha-lipoic acid ပါဝင်နေပါတယ်။ ဒီဓာတ်က သွေးတွင်းအချိုဓာတ်ကို လျှော့ချပေးနိုင်သလို အင်ဆူလင် တုံ့ပြန်မှုကိုကောင်းစေပါတယ်။ ဆီးချိုရှိသူတွေ စားပေးသင့်တဲ့ အရွက် တစ်မျိုးပါ။
ကင်ဆာ ကာကွယ်ပေးတယ်
ကလိုရိုဖီး ပါဝင်နေတာက ကင်ဆာတိုက်ဖျက်ပေးနိုင်စွမ်းကို ပိုင်ဆိုင်ထားတာပါပဲ။ ကင်ဆာကာကွယ်ချင်ရင် ဟင်းနုနွယ် စားပေးလို့ ရပါတယ်။
ပန်းနာရင်ကြပ် သက်သာစေတယ်
ဗီတာမင် စီ နဲ့ ဗီတာမင် အီး၊ ဘီတာကယ်ရိုတင်းတို့ ပါဝင်နေတာက အဆုတ်တွေရဲ့ စွမ်းဆောင်ရည် တိုးတက်စေပြီး ပန်းနာရင်ကြပ် သက်သာစေဖို့ ထောက်ကူပေးပါတယ်။
သွေးတိုးသက်သာစေတယ်
ပိုတက်ဆီယမ် ပါဝင်နေတာက သွေးတိုးကျစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဆိုဒီယမ်ကို လျှော့စားတာအပြင် ပိုတက်ဆီယမ် ပြည့်ဝအောင် စားခြင်းက သွေးတိုးကျစေဖို့ ထောက်ကူပေးမှာပါ။
အရိုးကျန်းမာစေတယ်
ဟင်းနုနွယ်မှာ ဗီတာမင် ကေ ပါဝင်နေတာက အရိုးတွေကို ကယ်လ်ဆီယမ် စုပ်ယူနိုင်စွမ်းတိုးစေပြီး အရိုးသန်မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
အစာအိမ် အူလမ်းကြောင်း ကျန်းမာစေတယ်
ဟင်းနုနွယ်မှာ အမျှင်ဓာတ်နဲ့ ရေဓာတ် ပြည့်ပြည့်ဝဝ ပါဝင်နေခြင်းက အစာအိမ် နဲ့ အူလမ်းကြောင်း ကျန်းမာစေပြီး ဝမ်းချုပ်မှု ကင်းစေမှာပါ။
အသားအရေ ကျန်းမာစေတယ်
အသားအရေအတွက် ဗီတာမင်တွေလို့ ဆိုရမယ့် ဗီတာမင် အေနဲ့ ဗီတာမင် စီ ပါဝင်နေတာ အရေပြားရဲ့ ကော်လာဂျင် ထွက်ရှိမှုကို တိုးမြှင့်ပေးပြီး အသားအရေ ကျန်းမာစေမှာပါ။
ရေးသားသူ - မွန်မွန်